Pages
Popular
အဓိကနဲ့သာမည...
Tuesday, August 21, 2012
 ဒီစကားနှစ်လုံးက လူ့ဘ၀အဓိပ္ပါယ်ရှာဖွေရေးလမ်းစဉ်မှာ အရေးပါလှပါတယ်။ အဘိဓါန်မှာတော့ အဓိကဆိုတာ လိုရင်းလို့ အဓိပ္ပါယ်ရတယ်။ လွန်ကဲခြင်း၊ ကြီးကဲခြင်း လို့ ဆိုတယ်။ ပါဠိလိုက အဓိဧတိတီတိ အဓိကော တဲ့။ လွန်စွာရောက်တတ်သောကြောင့် အဓိကမည်ပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်ကတော့ သာမည ဖြစ်ပါတယ်။ သာမည ဆိုတာ မထူးခြားတာ၊ အများနည်းတူဖြစ်တာ၊ တော်ရုံတန်ရုံဖြစ်တာ လို့ ဆိုပါတယ်။ ဒါကြောင့် သာမညဟာ အများကြီးဖြစ်ပြီး အဲ့ဒီအထဲမှာ အဓိကဟာတစ်ခုသာရှိမယ်လို့ ဆိုနိုင်သလို အဓိကဆိုတာ အားလုံးထဲမှာ ဦးစားပေးရမယ့်အရာ၊ အလေးအနက်ထားရမယ့်အရာ ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒီကနေ့လူတွေရဲ့ပြဿနာဟာ အဓိကကိုသာမညထားပြီး သာမညကိုအဓိကထားမိခြင်းပဲ ဖြစ်ပါတယ်။ ဒါဖြင့် အဓိကနဲ့သာမည ဘယ်လိုခွဲပြီးသိနိုင်မလဲဆိုတဲ့ မေးခွန်းကိုဖြေကြပါစို့။ အဓိကဖြစ်ခြင်းအတွက် သတ်မှတ်ချက်တွေ ရှိတယ်။(1) အစစ်အမှန်သဘောရှိခြင်း၊ (2) အချိန်ကန့်သတ်ချက်ရှိခြင်း၊ (3) ရေရှည်အကျိုးသက်ရောက်မှုရှိခြင်း၊ ဒါတွေက အဓိကဖြစ်ခြင်းရဲ့ လက္ခဏာတွေပါ။
          အစစ်အမှန်သဘောဆိုရာမှာ အနှစ်သာရကိုဆိုလိုပါတယ်။ လောကထဲမှာ ပုံသဏ္ဍန်တွေအမျိုးမျိုးရှိကြပါတယ်။ ဒါတွေရဲ့ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှား၊ တွေကိုလည်းနှိုင်းယှဉ်ပြီးတော့သာ ပြောနိုင်ပါတယ်။ ဥပမာ ရုပ်ချောတယ်၊ ဆိုးတယ် ဆိုတာမျိုး။ ဘာကိုချောတယ်ပြောမလဲ။ မြန်မာမျက်စိထဲမှာ နီဂရိုးတွေကအရုပ်ဆိုးနေပေမယ့်  အနောက်တိုင်းမျက် စိထဲမှာ ချောနေနိုင်ပါတယ်။ ပြီးတော့ ငွေကြေးချမ်းသာတယ်ဆိုတာမျိုး။ ဘယ်လောက်ရှိမှချမ်းသာတယ်ပြောမလဲ။ သူတောင်းစားချင်းတူရင်တောင် ခွက်တစ်လုံးပဲရှိသူထက် ခွက်နှစ်လုံးပိုင်သူက ချမ်းသာတယ်လို့ ပြောနိုင်တာပဲမဟုတ်လား။ ဒါတွေက ပညတ်သဘောတွေသာဖြစ်ပါတယ်။ အစစ်အမှန်တွေမဟုတ်ကြပါဘူး။ ဒီကနေ့ လူတွေအသဲအသန်လိုက်စားနေ ကြတာတွေဟာ သာမညတွေဖြစ်နေတယ်ဆိုတာကို သင်လက်ခံပါရဲ့လား။ ဒီကနေ့ လူရဲ့အစစ်အမှန်အနှစ်သာရကိုကြည့်ရင် ဒုက္ခနဲ့ကိလေသာပဲ။ ဒုက္ခဆိုတာ အို၊နာ။သေ အပါအ၀င် မချစ်တာနဲ့တွဲ၊ ချစ်တာနဲ့ကွဲ၊ ရတာမလို၊ လိုတာမရ၊ အကုန်ပေါ့လေ။ ကိလေသာဆိုတာကတော့ ကာယ၊၀စီ၊မနောကံသုံးပါး (ဒုစရိုက်ဆယ်ပါး) ကိုကျုးလွန်စေတဲ့ လောဘ၊ဒေါသ၊မောဟ၊မာန စတဲ့ စိတ်ကိုညစ်နွမ်းစေတဲ့တရားတွေပေါ့။ ကိလေသာဆယ်ပါးရှိရာမှာ တစ်ပါးကို 150(တစ်ရာ့ငါးဆယ်)စီ ထပ်ပြီးပွါးသွား တာကြောင့် စုစုပေါင်းကိလေသာ 1500(တစ်ထောင့်ငါးရာ)ပေါ့။ ဒါကို ကိလေသာ 1500 အချစ်လို့ တင်စားကြတာပေါ့။ ဒီအချစ်နဲ့မကင်းသူတိုင်း အပါယ်နဲ့မကင်းပါဘူး။ ဒါကြောင့် ဒုက္ခနဲ့ကိလေသာက အဓိကဖြစ်တယ်လို့ ဆိုရမှာပါ။
          ပြီးတော့ အချိန်အကန့်အသတ်ဆိုရာမှာ ခုချက်ချင်းပဲ စလုပ်သင့်တဲ့ သဘောကိုပြောချင်တာပါ။ လောကထဲမှာ အချိန်ဇယားဆွဲပြီး လုပ်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် အချို့ဟာတွေက အခုကိုလုပ်မှ ဖြစ်တယ်။နောက်ကျသွား တာနဲ့ ဒုက္ခရောက်တော့တာမျိုးလေ။ ဥပမာပြောရရင် ထမင်းအသက်(7)ရက်တဲ့၊ ရေအသက်(1)မနက်တဲ့။ ဒါဆို လေအသက် ကျတော့ရော။ အသက်အောင့်ကြည့်ပေါ့။ မိနစ်ဘယ်လောက်ခံမှာတဲ့လဲ။ ဒီတော့ ထမင်းထက်ရေကအရေးကြီးတယ်။ ရေထက် လေကအဓိက ကျပြန်တယ်ပေါ့။ ဒီကနေ့ လေရှုရတဲ့ကိစ္စမျိုးဆန်ဆန် အချိန်မဆိုင်းဘဲ အခုလုပ်ရမယ့်ကိစ္စ ဘာများ ရှိမလဲ။နောက်မှလုပ်မယ်ဆိုပြီးဆိုင်းထားလို့မရတဲ့ ကိစ္စ ဘာများရှိမလဲ။ တစ်နည်းအားဖြင့် လူကသေမျိုး၊ အချိန်မရွေးအနိစ္စ ရောက်နိုင်လေတော့ သေပြီးမှလုပ်မရတဲ့ကိစ္စ ဘာများဖြစ်မလဲ။ ဒါဆိုရင် သေပြီးတော့ရောက်မယ့် ဖြစ်မယ့် ဘ၀အတွက် ကြိုတင်အဖြေရရေးပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒါအတွက်ပြင်ဆင်ရေးပေါ့။ ဒါကို လောကုတ္တရာအရေးလို့ ဆိုတယ်မဟုတ် လား။ ဒါကြောင့် လောကီထက် လောကုတ္တရာအရေးကို အဓိကထားရမှာပါ။
          ဒါ့အပြင် ရေရှည်အကျိုးသက်ရောက်မှုဆိုရာမှာ ဒီဘ၀တွင်မပြီးဘဲ နောက်ဘ၀ကိုဆက်ပြီး အကျိုးသက်ရောက်မယ့် ကိစ္စကိုပြောချင်တာပါ။ ဒီဘ၀လုပ်နေတဲ့ ကိစ္စများစွာက ဒီမှာပဲကျန်ခဲ့မှာဖြစ်ပြီး အချို့အရာတွေက ဟိုဘက်ကိုလိုက်ကြမှာပါ။ ဘာတွေကကျန်ခဲ့မလဲ။ ဘာတွေကလိုက်ကြမလဲ။ ဒီကနေ့ ဘတ်စ်ကားစီးတဲ့အခါ ဂိတ်စဂိတ်ဆုံးစီးသူရှိပါတယ်။ လမ်းက တက်ပြီး လမ်းမှာပဲဆင်းတာရှိတယ်။ ဒါပေမယ့် ဂိတ်ဆုံးရောက်ခါနီးတော့ ကြည့်လိုက်ရင် အပြည့်တော့မကျနဘူး။ တစ်ချို့ပေါ့။ ဒီလိုပဲ။ လူတွေ ဒီဘ၀မှာတင်မပြီးဘူး။ ဆက်ရအုံးမယ်။ ဘာတွေကကိုယ်နဲ့ မလိုက်ဘဲကျန်ခဲ့ပြီး၊ ဘာတွေက အရိပ်လိုလိုက်လာကြမလဲ။ မြင်ရတာတွေ အကုန်ကျန်ခဲ့မယ်။ မမြင်ရတာတွေ အကုန်ပါလာမယ်။ မြင်ရတာတွေဆိုတာ ကိုယ့်မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ တိုက်တာခြံမြေ၊ ရွှေငွေလုပ်ငန်း၊ ပိုင်ဆိုင်မှု၊ ဘွဲ့ထူး၊ ဂုဏ်ထူး စတဲ့အရာတွေ အားလုံး ကျန်ခဲ့မယ်။ ကောင်းခြင်းနဲ့ဆိုးခြင်း ဆိုတဲ့ မမြင်ရတဲ့အရာတွေ ပါသွားမယ်။ တစ်နည်းပြောရရင် ကုသိုလ်နဲ့အကုသိုလ်တွေပေါ့။ ဒီဘ၀ကနေ နောက်ဘ၀ကိုသွားတဲ့အခါ မကောင်းတာတွေတော့ ယူသွားချင်တဲ့သူ မရှိလောက်ပါဘူး။ နောက်ဘ၀မပြောပါနဲ့။ သူများအိမ်သွားလည်ရင်တောင် လက်ဆောင်ပေးစရာ ကောင်းတာမှန်တာလေးတွေပဲ ယူသွားချင်မှာပါလေ။ ဘယ်သူက ကိုယ့်အိမ်က မကောင်းတဲ့အညစ်အကြေးထုပ်ကြီး ယူသွားမလဲ။ ဟုတ်တယ်မဟုတ်လား။ ဒီတော့ လူတိုင်းက ကုသိုလ်ထုပ်ကြီးနဲ့ သွားချင်ကြမှာပါပဲလေ။ ဒါမှလည်း မျက်နှာပန်း လှတော့မပေါ့။
          ကိုင်း။ နိဂုံးချုပ်ကြစို့။ ဒီကနေ့ လူတွေရဲ့ပြဿနာက အဓိကကိုသာမညထားပြီး၊ သာမညကိုအဓိက လုပ်နေတာလို့ ပြောခဲ့ပြီ။ ဒီတော့ သာမညတွေ ဒီဘ၀မှာကျန်ခဲ့မယ်။ အဓိကတွေ ဟိုဘက်ပါသွားမယ်ဆိုတော့ မိတ်ဆွေလည်း စဉ်းစားပေါ့။ ကိုယ့်ရဲ့ပုံသဏ္ဍန်က ဘာကြီးပဲဖြစ်နေဖြစ်နေ အနှစ်သာရက ဒုက္ခနဲ့ကိလေသာဆိုတာ သိပြီလား။ လောကီရေးထက် လောကုတ္တရာရေးက အရေးကြီးတာမြင်ပြီလား။ ဒါန၊သီလ၊ဘာဝနာ အဓိကဆိုတာ တွေ့ပြီလား။ အဲ့ဒါ အခုပဲ စလုပ်ပြီလား။ လုပ်နိုင်ပြီလား။ လောကုတ္တရာဘဏ်မှာ ကုသိုလ်စာရင်းနဲ့အကုသိုလ်စာရင်း ဖွင့်ထားတယ်။ ဘယ်မှာ အစုများနေလဲ။ အဓိကနဲ့သာမညကွဲရဲ့လား။ အဓိကကို အခုစလုပ်နေပြီလား။ မစနိုင်သေးရင် ဘယ့်နှယ်လုပ်မလဲ။ စချင်ပါလျက် မစနိုင်သူတွေအတွက် ဘယ်လိုနည်းလမ်းရှာကြမလဲ။ ထောင်ထဲကလူတွေ၊ ပြည့်တန်ဆာတွေ၊ ဒုက္ခိတတွေ၊ လူမမယ်ကလေးငယ်တွေ၊ ရူးနေတဲ့လူတွေ၊ အူမမတောင့်လို့ သီလမစောင့်နိုင်တဲပသူတွေ၊ ယောက်ျားလျှာ၊ မိန်းမလျှာတွေ၊ ကျန်းမာရေးမကောင်းလို့ သေခါနီးဆဲဆဲလူတွေ ............
Continue Reading | comments
လူမခွဲသာသောအကြောင်း ...
Tuesday, July 10, 2012
          အချိန်တန်လျှင် လူတိုင်းလိုလို အိမ်ထောင်ပြုကြမြဲဖြစ်သည်။ ရည်ရွယ်ချက်အမျိုးမျိုးနှင့် အိမ်ထောင်တည်ကြသော်လည်း အနှစ် သာရနှင့် ရည်ရွယ်ချက်ကိုသိသူ နည်းလှသည်။ အိမ်ထောင်ဟူသည် အဘယ်နည်း။ အဘယ့်ကြောင့် အိမ်ထောင်ပြုရပါသနည်း။
          ကမ္ဘာပေါ်တွင် လူတွေနည်းရာမှများလာသည်ကိုလည်းကောင်း၊ မွေးဖွါးခြင်းဖြင့်သာ သားစဉ်မြေးဆက်ပြန့်ပွါးသည့် လက်တွေ့ သာဓကကိုလည်းကောင်း၊ ထောက်လျှင် လူမှန်သမျှသည် ရှေးဦးပထမလူဖခင်တစ်ဦးနှင့်မိခင်တစ်ဦးတို့မှ ဆင်းသက်ခဲ့သည်ဟု ဆိုနိုင် သည်။ ယောက်ျားနှင့်မိန်းမသည် လူစာရင်းဝင်ပုံတူသော်လည်းခန္ဓာဖွဲ့စည်းပုံ ကွဲသည်ကိုထောက်လျှင် လူအဖြစ်၌ အိမ်ထောင်အတွက် ဒီဇိုင်းပါပြီးကြောင်း အလွယ်သိနိုင်သည်။ ထို့ကြောင့် အိမ်ထောင်သည် ယဉ်ကျေးမှုထုံးတမ်းမဟုတ်။ သားသမီးတို့ အချိန်တန်လျှင် မိဘ အုပ်ထိန်းမှုမှထွက်၍ တစ်အိုးတစ်အိမ်ထူကြခြင်းကို မည်သည့်လူမျိုးဘာသာ ယဉ်ကျေးမှု၌မဆို အိမ်ထောင်ကိုမင်္ဂလာတစ်ပါးအဖြစ် တလေးတစားပြုကြခြင်းသည်မှာ ထိုအကြောင်းကြောင့် ဖြစ်သည်။
          တဖန် အိမ်ထောင်၏အဓိပ္ပါယ်ကိုရှာလျှင် အိမ်ထောင်ဖက်တို့အကြားနားလည်မှု အရေးကြီးဆုံးဟု အများကလက်ခံသည်။ နားလည်မှုသည် တစ်ဦးကိုတစ်ဦးက ကိုယ်နှင့်ထပ်တူသဘောထားခြင်းပင်ဖြစ်သည်။ ၄င်းသည် လင်နှင့်မယားတလုံးတ၀ တစ်ကိုယ် တစ်စိတ်တည်းရှိခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောအိမ်ထောင်သည် ပြိုလဲစရာမရှိ။ ပျော်စရာအတိသာ ရှိသည်။ သို့သော် လောဘ၊ ဒေါသ၊မောဟ၊အတ္တမာနမကင်းသော လောကီသားကျားနှင့်မတို့နှစ်ဦးသည် ထိုသို့မဖြစ်နိုင်။ ဖြစ်ရောဖြစ်နိုင်ပါမည်လော။ ထိုအတွက် မည့်သည့်အရာ၊ အကြောင်းအချက်များလိုအပ်ပါသနည်း။
Continue Reading | comments
အမှောင်ကွယ်နေသော အမြင်အာရုံ...
Sunday, July 8, 2012
        လူတိုင်းအတွက် အမြင်အာရုံသည် အလွန်အရေးပါလှပါသည်။မျက်စိသည်တန်ဖိုးမဖြတ်နိုင်လောက် 
သည့် လူ့အင်္ဂါရပ်တစ်ခု ဖြစ်ပါသည်။ လူတစ်ဦးသည် မျက်စိအမြင်ကိုအားထားပြီး၊ ဘ၀ကောင်းကျိုးအမျိုး မျိုးကို ထမ်းဆောင်ရပါသည်။ သွားလာရေးမှာသော် လည်းကောင်း၊ ပညာသင်ကြားလေ့လာရေး မှာသော် လည်းကောင်း၊ ဘ၀အတွက်အလုပ်လုပ်ရာမှာသော်လည်းကောင်း လူတိုင်းအမြင်အာရုံ၏အကျိုးကိုသိထား 
ကြပြီးဖြစ်သည်။
          အမြင်အာရုံချို့ယွင်းသူတစ်ယောက်မှာ များစွာသောအခက်အခဲရှိလာသည်။ စိတ်သွားတိုင်းကိုယ်မပါနိုင်။ သူများလုပ်သလို လိုက်ပြီးမလုပ်နိုင်။ တစ်ပါးသူတစ်ယောက်ကို အနည်းနှင့်အများ အားထားရသည်။ ဒီနေ့ မိမိသည် အမြင်အာရုံကောင်းနေသူဖြစ်ပါက ဘယ်လောက်ဝမ်းသာစရာကောင်းတယ်ဆိုတာကို မမေ့သင့်သလို၊ မျက်စိအာရုံမကောင်းသူတွေကို စာနာထောက်ထားသင့်ပါသည်။
          သာမန်အားဖြင့် လူတို့အနေဖြင့် အမြင်အာရုံလို့ ပြောလျှင် ကာယမျက်စိဟုသာ ထင်မှတ်ကြပါသည်။ တကယ်တမ်းတွင်မူ ကာယမျက်စိကွယ်နေသူများပင်လျှင် မြင်နိုင်သည့် အစွမ်းတစ်ခုရှိပါသည်။ ထိုအမြင်မှာ အာရုံမျက်စိဖြစ်ပါသည်။ မျက်စိမမြင်သူတစ် ယောက်မှာ မျက်စိအာရုံမကောင်းပေမယ့် အာရုံမျက်စိနဲ့ကြည့်ပြီး ခံစားတွေ့မြင်နိုင်စွမ်း ရှိပါသည်။
          နောက်တစ်ခုမှာ ပညာမျက်စိဖြစ်ပါသည်။ ကမ္ဘာလုံး၍ ရေခုံးကြောင်းကို ကာယမျက်စိနှင့်မြင်နိုင်သည့် အခြေနေတစ်ခုကို ပညာရှင်များက ပညာအခြေခံတွက်ချက်စူးစမ်းလေ့လာပြီး ပညာမျက်စိဖြင့် ကြည့်မြင်နိုင်ကြပါသည်။
          လူတိုင်း အနည်းနှင့်အများ ဖော်ပြပါအမြင်အာရုံသုံးမျိုးကို ရယူပိုင်ဆိုင်ထားကြမည်ဖြစ်ပါသည်။ သို့သော် သတိမမူလျှင် ဂူကြီး တစ်ခုလုံးကိုပင်မမြင်ဖြစ်တတ်သည်ဟု အဆိုရှိထားသလို လူတို့မှာ အာရုံခံမျက်စိတစ်မျိုး ကျန်ရှိနေပါသေးသည်။ ထိုအာရုံမျက်စိသည် ကွယ်နေသည်။ မည်သို့သော အာရုံမျက်စိဖြစ်မည်နည်း။ မည်သို့ အမြင်ကြည်လာအောင် လုပ်မည်နည်း။
Continue Reading | comments
နင်လားဟဲ့ အပြစ်...
Sunday, July 1, 2012
        အပြစ်ရှိတယ် မရှိဘူးဆိုတာတွေကို သူများတွေပြောတာ ကြားလည်းကြားခဲ့ဖူးပါရဲ့။ ကိုယ်က သူများ ကို ပြောလည်း ပြောခဲ့ဖူးပါရဲ့။ ကိုယ့်ကို ပြောလာတာလည်း ခံခဲ့ဖူးပါရဲ့ဗျာ။ ကလေးတုန်းကလည်း ကလေးမို့လို့၊ လူငယ်တော့လည်း လူငယ်မို့၊ လူကြီးဖြစ်လာ တော့လည်း လူကြီးဖြစ်လာလို့ ဒီစကားတွေနဲ့ မကင်းနိုင်ပေါင်ဗျာ။ ဒါပေမယ့် နေပါအုံး ဒီအပြစ် ဆိုတဲ့စကားကြီးက ဘာကြီးတုန်း။ အကုသိုလ် လို့ဆိုရ မလား၊ မကောင်းမှုလို့ ပြောရမလား။ မတရားမှုလို့ပဲ သတ်မှတ်ရ မလား။ အဓမ္မမှုလို့ပဲ ကင်ပွန်းတပ် ရမ လား။ဒါမှမ ဟုတ်ရင် အမှားလို့ပြောမလား။ ဒါမှမဟုတ် အဆိုးလို့ဆိုမလား။ မမှားဘူး ထင်ပါရဲ့။ ဒါပေမယ့် အပြစ်ဆိုတဲ့စကားကိုပဲ လွယ်လွယ် သုံးကြပါစို့။ အပြစ်ရှိတယ်၊ မရှိဘူး၊ ပြောတဲ့အခါ ကျွန်တော်စဉ်းစား မိတာတစ်ခုရှိတယ်။ အဲ့ဒါက အပြစ်ရှိမရှိကို ချိန်ထိုးတဲ့ စံနှုန်း၊ ဒါမှမဟုတ် ဥပဒေစည်းကမ်းတစ်ခုရှိတယ် ဆိုတာကိုပေါ့။ ကျောင်းသားတစ်ယောက် အပြစ်ရှိတယ်လို့ပြောဖို့ ချိန်ထိုးသတ်မှတ်တဲ့ ကျောင်း စည်းကမ်း ရှိရမယ်။ ၀န်ထမ်းတစ်ယောက် အပြစ်ရှိတယ်လို့ပြောဖို့ ဌာနစည်ကမ်းရှိရယ်။ ထို့အတူ ကုမ္ပဏီစည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ နိုင်ငံဥပဒေများ၊ စသဖြင့် ရှိရမယ်။ ဒီလိုစည်းကမ်းဥပဒေတွေ မရှိဘဲနဲ့ အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့ မဖြစ်ဘူး မဟုတ်လားဗျာ။ ဒါတင်ဘယ်က အုံးမလဲ.. အပြစ်ရှိတယ်ဆိုတာကို သက်သေပြနေ တဲ့ လက္ခဏာတွေလည်း ရှိရအုံးမယ်။ သက်သေ မရှိဘဲနဲ့ အပြစ်ရှိတယ်လို့ ဘယ့်နှယ်ပြောလို့ရမှာတုန်း။ ဟုတ်တယ်နော်။ ဆေးခန်းကိုလာတဲ့လူနာက ဘာရောဂါဖြစ်လို့ ညာရောဂါဖြစ်လို့ ပြောတဲ့အခါ ဆရာဝန်က မျက်လုံးဖြဲကြည့်ရတယ်လေ။ ပါးစပ်၊ လျှာကိုကြည့်ရတယ်လေ။ အခုတော့ ပိုပြီးတိကျအောင် ဓါတ်မှန်တွေ ဘာတွေရိုက်၊ သွေးတွေစစ်ကြည့်ရတယ် မဟုတ်လား။ လက္ခဏာသက်သေတွေ ကြည့်ပြီးမှ ကွက်တိ 
 ပြောရတယ်ဗျ။ ဒီတော့ အပြစ်ရှိ တယ်လို့ပြောတဲ့အခါ အပြစ်လုပ်ထားကြောင်း လက္ခဏာသက်သေ ရှိရမှာပေါ့။ ဒါနဲ့ မပြီးသေးဘူးဗျ။ အပြစ်ရှိတဲ့ သူကို ဘာအပြစ်ဒဏ် ကျခံသင့်သလဲဆိုတာ ရှိသေးတယ်။ အပြစ်လုပ်မှတော့ အပြစ်ရဲ့အဖိုးအခ ခံရမှာပေါ့ဗျာ။ ဒီနေ့ထောင် တွေရှိနေတာ ဒါ့အတွက်မဟုတ် လား။ ဒါကြောင့်တရားရုံးမှာ တရားသူကြီးက တရားခံကို အပြစ်ထင်ရှားလို့ ပြစ်ဒဏ်ချနေ ပုံလေးကို မျက်စိ ထဲမြင် ကြည့်လိုက်ပါ။ ဥပဒေ ပုဒ်မ ဘယ်ရွေ့ဘယ်မျှနဲ့ ညှိစွန်းကြောင်းသက်သေထင်ရှားတဲ့အတွက် တရား ခံ
 မောင်ဖြူ၊ မောင်ဝါ ထောင်ဒဏ်မည်မျှကျခံစေပေါ့။ ဒါနဲ့ဘာဆိုင်လို့ ဒါတွေပြောနေတာလဲလို့ မိတ်ဆွေ
 မေးချင်မေး မှာပါ။ ကျွန်တော်ပြောချင်တာက ဒီလို.................
          ကျွန်တော်တို့ လူသားတွေအားလုံးဟာ လူ့ဘောင်လောကမှာ အားလုံးလိုက်နာကြရမယ့် လူ့ဥပဒေကြီးကို ချိုးဖောက် တဲ့အပြစ် ရှိနေကြတယ်။ အပြစ်ရှိကြောင်းလက္ခဏာတွေကလည်း အလွန်ထင်ရှားနေကြတယ်။ ဒါကြောင့် အပြစ်ရဲ့အဖိုးအခ အပြစ်ဒဏ်ကို လည်း ခံဖို့ရှိနေကြတယ်။ နားမရှုပ်သွားပါနဲ့ဗျာ။ ဒီလိုပါ။ လူ့လောကမှာ လူတွေအားလုံးက လိုက်နာရမယ်လို့ တညီတ ညွတ်တည်း လက်ခံထာားကတဲ့ လူ့ဥပဒေကြီးတစ်ခုရှိတယ်။ အဲ့ဒီဥပဒေက လူမျိုး၊ ဘာသာနဲ့ မဆိုင်ဘူး။ ယဉ်ကျေး မှုနဲ့မပတ်သက်ဘူး။ ကမ္ဘာ့ လူသားမှန်သမျှနဲ့ ပတ်သက်နေတဲ့ လူ့ဥပဒေဖြစ်တယ။ ဒီဥပဒေက နာမည်မရှိဘူး။ ခေါင်းစဉ် တပ်မရဘူး။ ဒါပေမယ့် မုချ ရှိနေတယ်။ အဲ့ဒီ ဥပဒေက တခြားဟုတ်ရိုးလား။ တကိုယ်ကောင်းမဆန်ရ၊ အတ္တမာနမရှိရ၊ ဥပဒေပဲ ဖြစ်တယ်ဗျ။ လောကမှာ အရက် သမား၊ ဖဲသမား၊ ဘိန်းစား၊ သူခိုး၊ ဓါးပြ၊ လူမိုက် ဆိုတာ သူတို့အချင်းချင်းတော့ သိပ်စည်းလုံးပြီး ချစ်ကြတာ။ သူတော်ချင်းချင်း သတင်း လွေ့လွေ့ဆိုသလို အတူနေလို့ရသဗျ။ အချင်းချင်းအပေါ် သည်းခံမှခံပဲ။ ဖဲသမားချင်း ပိုက်ဆံချေးဖို့ သိပ်လွယ်။ ဒါပေမယ့် တကိုယ် ကောင်းဆန်တဲ့သူ၊ အတ္တမာနကြီးသူ များမှာ  နှစ်ယောက်နေလို့တောင်မရဘူးဗျ။ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင်အောင်းလို့ မဖြစ် ဘူးဗျာ။ ဒါကြောင့် တကိုယ်ကောင်း ဆန်တဲ့သူ၊ ကိုယ့်ဘို့ပဲကြည့်သူကို ဘယ်လူ့ဘောင်အဖွဲ့အစည်းကမှ လက်ခံလေ့မရှိဘူး။ နှာခေါင်းရှုံ့ကြသဗျ။ ကိုင်း... အခုမှပဲ ကျွန်တော်ပြောချင်တဲ့ဆီရောက်တော့တယ်။ မိတ်ဆွေက အရက်တွေ၊ ဘိန်းတွေ၊ ဖဲတွေထားလို့ ကွမ်းယာ ဆေးလိပ်တောင် မြည်းစမ်းဖူးမယ်လို့ မထင်ဘူးဗျ။ ဒါပေမယ့် အတ္တကြီးဖူးတယ်မဟုတ်လား။ တကိုယ်ကောင်းစိတ်လည်းရှိဖူး တယ်မဟုတ်လားဗျာ။ လိုရင်းရှာတော့ ကိုယ်ချင်းစာဆိုတာ ကိုယ်ကသူ့နေရာမှာနေပြီး ၊ခံစားပေးတာ မဟုတ်လား။ သူ့နေရာမှာ ငါဆို ရင်ငါကောခံနိုင်ပါ့မလားဆိုပြီးတော့ပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ။ ဒီကနေ့ အတ္တနဲ့ ပရ မျှရမယ်။ ဘာညာဆိုတာ  ကြည့်ကောင်းအောင်ပြောကြရတာ။ တစ်ကယ်တော့ တကိုယ်ကောင်းစိတ်၊ အတ္တစိတ်ဆိုတာ လုံးလုံးပယ်ရမှာ ဖြစ်တယ်။ ဒါမှသာ အပြစ်ကင်းမှာ၊ အကုသိုလ်ကင်းမှာ၊ မတရားမှု၊ ဆိုးညစ်မှု၊ မှားယွင်းမှု ကင်းမှာပေါ့။ ဒီကနေ့ အဓမ္မအမှုတွေ၊ ကံသုံးပါးကျူးမှုတွေဟာ ငါ ဆိုတဲ့ အတ္တအပေါ်မှီပြီး ဖြစ်တာမဟုတ်လား။ ငါလိုချင်တယ်။ ငါရချင်တယ်။ငါ ဖြစ်ချင်တယ်။ ငါခံစားချင်တယ်။ ဆိုတော့ ငါတွေ ဆုံးပါအုံးတော့မလား။ ဒါတွေကို ဖြည့်ဆည်းဖို့ လူတွေလုပ်ကြ၊ ကျင့်ကြ၊ ကျိုးစားရုန်းကန်နေကြတာကို ဘ၀လို့ ခေါ်ကြတာပဲ မဟုတ် လားဗျာ။ တကိုယ်ကောင်းစိတ်၊ အတ္တသဘောတွေကြောင့် အိမ်ထောင်မှာမသာယာဘူး။ ဒါကြောင့် လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုကြ  တာမဟုတ်လား။ သားရေးသမီးရေးကော ပြေလို့လားဗျာ။ ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်းမဟုတ်လား။ လူမှုရေး ကျတော့ကော သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါတဲ့။ တကယ်တော့ သူတော်ကောင်းဆိုတာ သူတော်မှကိုယ်ကောင်းရတာမျိုး မဟုတ်ဘူး လေ။ သူမတော်ရင်လည်း ကိုယ်ကကောင်းရမှာ။ ဘာသာရေးကျတော့ကော အိုကေလို့လား။ သဒ္ဒါလွန်းဆွန်းတော်တော်ရပ်တယ် တဲ့။ ကိုယ့်အိမ်မှာ အလှူခံလာရင် တစ်ခါတစ်လေဆိုရင် သဒ္ဒါသေးတယ်။ ကိုယ်ကထည့်မှန်းသိလို့ ခဏခဏအလှူရပ်လာရင် ကျွဲမြီးတို လာတယ်မဟုတ်လား။ ၀န်ခံပါဗျ။ ကိုယ်တွေ့မို့ပါ။ လှူတဲ့တန်းတဲ့အခါ စားကြသောက်ကြနဲ့ သဒ္ဒါကြည်လင်ပေမယ့်  ကျွတ်ကျွတ်အိပ်နဲ့ အိမ်ကိုထည့်ယူသွားရင်တော့ အလှူရှင်စိတ်ဆိုးလာတယ် မဟုတ်လား။ ၀န်ခံပါ။ ဒါလည်းကိုယ်တွေ့ပါ။ စီးပွါးရေးကျတော့ကော သူ့ ဘက်ကိုယ့်ဘက် တကယ်ကြည့်ကြလို့လား။ ဘယ်သူသေသေ ငတေမာရင်ပြီးရောတဲ့။ တကယ်တမ်း စီးပွါးလုပ်လာပြီးဆိုရင် ဘယ်သူ မှအရှုံးမခံကြဘူး။ စားသုံးသူဘက် နည်းနည်းမှမကြည့်ပေးကြတော့ပါဘူး။ စစ်ရေးစစ်ရာကျတော့ရော ကမ္ဘာမီးလောင် သားကောင်ချ နင်းပါဗျာ။ တကယ်ဖြစ်ပြီဆို မကောင်းသူထိပ်၊ ကောင်းသူထိပ်ပဲ။ အုပ်ချုပ်ရေးမှာကော...?။ လူညီရင်ဤကိုကျွဲလို့ ဖတ်ကြသဗျ။ ဥပဒေ ပြဌာန်းတာလည်းဒီလူတွေပဲ။ ဖျက်တာလည်းဒီလူတွေပဲ။ တရားစီရင်ရေး ကျတော့ကော ဒီလိုပဲ။ ဒမသတ်တရားရှိပါငြားလည်း တိမ်း ပါးငဲ့ကွက် လက်ဆောင်ဖျက် သတဲ့။ ဒါကြောင့် ငွေများတရားနိုင်လို့ ဆိုကြတယ်မဟုတ်လားဗျ။ တကယ်တော့ တကိုယ်ကောင်းစိတ်လုံး လုံးစွန့်နိုင်သူ။ အတ္တလုံးဝကင်းသူ အတွက် ဘယ်ဘာသာတရားမျှ မလိုပါဘူး။ အခုပြောခဲ့တဲ့ လက္ခဏာ သက်သေတွေကိုကြည့်ရင် လောကမှာဘယ်လူသား တစ်ဦးတစ်ယောက်ကမျှ လူ့ဥပဒေသကြီးကို တင်းပြည့်ကျပ်ပြည့် မလိုက်နာနေဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို မိတ်ဆွေ ၀န်ခံရမှာဖြစ်သလို၊ ကျွန်တော်ကလည်းလုံးဝ ၀န်ခံထားပါတယ်ဗျာ။ ဒီကနေ့ ကျွန်တော်တို့လူတွေက တကိုယ်ကောင်း ဆန်တာ၊ အတ္တကြီးတာမကောင်းမှန်းသိတယ်။ မကောင်းဘူးလို့လည်း ပြောကြတယ်။ သူများကိုလည်း သင်ပေးကြတယ်။ လူဆိုတာ သူများက မာနကြီးရင်၊ အတ္တကြီးရင် မကောင်းဘူးလို့လက်ညိုးထိုးတတ်ပေ မယ့် ကိုယ့်ကိုသူများက ထောက်လာ ရင်တော့ ဟိုလိုဖြစ်လို့၊ ဒီလိုဖြစ်လို့ ဆိုပြီး ခေါင်းရှောင်ကြတယ်။ တာဝန်မယူကြဘူး။ တခြားသူကိုဖြစ်စေ၊ အခြေနေ တစ်ခုခုကိုဖြစ်စေ လွဲချကြတယ်။ ဒါကို မိတ်ဆွေ မငြင်းပါနဲ့။ ကျွန်တော်လည်း အငြင်းပါဘူး။ ကိုယ်တွေ့မဟုတ်လားဗျာ။
          ဒီတော့ ပြောချင်တာက မိတ်ဆွေရော၊ ကျွန်တော်ရော လူ့ဥပဒေသကြီးကိုဖောက်နေကြတယ်။ဒီအတွက် လက္ခဏာတွေက လည်း စာဖွဲ့လို့မကုန်နိုင်ဖြစ်နေပါတယ်။ ဒီအတွက် လူတိုင်းဟာ တကိုယ်ကောင်းစိတ်နှလုံးကင်းဖို့၊ အတ္တလုံးလုံးကင်းဖို့ ပျက်ကွက်မှု ဆို တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုကြီးကြောင့် ဓမ္မလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားသူကြီးကပေးမယ့်  အပြစ်ဒဏ်အကျိုးဆက်ကိုခံ ဖို့ရာနှုန်းပြည့်သေချာနေပါပြီ။ ဒါကို ဘယ်လိုသိနိုင်ပါ့မတုန်း။ ဒါကို စဉ်းစား ကြည့်တော့ လူမှန်ရင်သေရမှာကို ကြောက်တယ်။ သေတယ် ဆိုတာ ဘာကြီးလဲလို့မေးတော့ ဘယ်သူမှ မသိကြဘူး။ သွားလေသူများရဲ့ အသက်ထွက်တာကို မြင်ဖူး၊ ကြုံဖူးပါရဲ့။ သေတာကမခက်ပါဘူး။ ကြလည်းမကြာပါဘူး။ လက်ဖြောက် တချက်၊ မျက်စိတမှိတ်အတွင်း ဖြစ်သွား၊ ပြီးသွားနိုင်တဲ့ကိစ္စ။ တကယ်တော့ လူတွေ သေရမှာ ကြောက်တယ်ဆိုတာ သေပြီးကြုံရမယ့်ဘ၀ကို ကြောက်တာလို့ ဆိုနိုင်ပါတယ်။ မြို့လယ်ခေါင်က မီးပွိုင့်တွေမှာ မီးနီပြရင် ကားတွေက ရပ်ရ တာပါပဲ။ မီးနီက ဘာမှ လာမလုပ်ဘူး။ တကယ်တော့ မီးနီရင်ကားတွေရပ်တာဟာ မီးနီဖြတ်ရင်ကြုံရမယ့် ဒဏ်ကိုကြောက် လို့ပါပဲ။  ဒီလိုပဲ လူတွေသေရမှာကြောက်တာက သေပြီးရင်ရင်ဆိုင်ရမယ့် ဘာမှန်းမသိတာကြီး ကို ကြောက်တာဖြစ် တယ်။ သေပြီးရင်ဆိုင်ရမှာက အကောင်းနဲ့အဆိုး နှစ်ခုတည်းပါပဲ။ ကောင်းတာလုပ်ကောင်းတာဖြစ်၊ မကောင်းတာဖြစ် နိယာမအရ ဆိုရင် မကောင်းတာကပိုပြီးသေချာ နေပါတယ်။ ဒါဆို သေပြီးနောက်ဘ၀က မကောင်းတာ မြေကြီးးလက်ခတ်မလွဲပါပဲ။ ဒါကြောင့် လူတွေဟာ မကောင်းတာကိုကြုံမှာ ကြောက်ပြီး   သေရမှာကို ကြောက်နေတယ်လို့ပြောရင် ယုတ္တိရှိတယ်။ ဒါဆိုရင် ဒီဒုက္ခထဲက လွတ်အောင်ဘယ်လိုများ လုပ်ကြမလဲ? ဒါကို စဉ်းစားပြီး အဖြေရှာကြပါစို့...................
          ဒါန၊ သီလ၊ ဘာဝနာ။ ဒါနဆို ပေးကမ်းခြင်း၊ ကုသိုလ်ပေါ့။ အကုသိုလ်ကိုကုသိုလ်နဲ့ ချေမယ်၊ထေ မယ်။ သင်္ချာ နည်းနဲ့ပေါ့။ ဖြစ်မလား၊ မသေချာဘူး။ ဘာကြောင့်ဆို အရေအတွက်တူပေမယ့် အရည် အသွေးကမတူကြလေဘူး။ လူတွေက ကုသိုလ်ကို ကြောက်လို့ လုပ်တာ။ ဒါမလုပ်ရင် မဖြစ်တဲ့အနေန့ လုပ်တာ။ အကုသိုလ်ကျတော့ ကြိုက်လို့ လုပ်တာ။ စိတ်ထဲကကျေကျေနပ်နပ်နဲ့ လုပ်တာ။ ဒါဖြင့် သီလကျတော့ကော။ သီလဆိုတော့ ဆောင်ရန်နဲ့ ရှောင်ရန် ဖြစ်တယ်။ သီလနည်းနဲ့ဆိုရင်တော့ အခက်ခဲနှစ်ခုရှိတယ်။ ပထမတစ်ခုက သီလဆိုရင် အားလုံးကိုထိန်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုကျိုးရင် အားလုံးကျိုးလို့ပါ။ ဒီနေ့ လူတွေထင်ထားတာက ငါးပါး သီလမှာ တစ်ပါးကျိုးရင်
 လေးပါးတော့ ကျန်သေးတယ်လို့ ထင်ကြတယ်။ မုသာဝါဒကလွဲပြီး ကျန်တာထိန်တယ်ဆိုတဲ့သူမှာ ဘာများကျန် မလဲ? အကုန်ကုန်ပြီပဲ မဟုတ်ဘူးလား။ တစ်ကယ်တော့ သီလဟာအရေအတွက်များပေမယ့် တစ်လုံးတစ်ဝသဘောဆောင်တယ်။ သီလဆိုတာ တစ်ပါးနဲ့တစ်ပါးဆက်နွယ်ချိတ်ဆက်နေတာ ဖြစ်တယ်။ သီခြားစွာလွတ်ကင်းနေတာ မဟုတ်ဘူး။ သီးခြားစီ ကင်းလွတ်ပြီး သူ့သဘောသူဆောင်တဲ့ သီလများ နဲ့ ဖွဲ့စည်းထားတဲ့ ဓမ္မဆိုရင်လည်း ရှေ့နောက်မညီတဲ့၊ ဆီလျော် စပ်ဟပ်မှုကင်းတဲ့ဓမ္မမည်ကာ မတ္တကြီး 
 ဖြစ်တော့မှာပေါ့။ သီလမှာရှိတဲ့ ဆောင်ရန်နဲ့ရှောင်ရန်ဟာ သဘောအတူတူပါပဲ။ လူတွေက ရှောင်ရန် ကို သတိထားကြပေမယ့် ဆောင် ရန်ကိုတော့ အခြေနေပေးမှလ်ုချင်ကြတယ်။ ဒါမမှန်ပါဘူး။ မကောင်းတာ ကိုရှောင်ခြင်းနဲ့ ကောင်းတာကိုဆောင်ခြင်းဟာ တန်းတူအရေး ကြီးပါတယ်။ ဒီနေ့ လူသားအများစုရဲ့ ပြဿ နာက မကောင်းတာကိုမရှောင်တဲ့ပြဿနာ မဟုတ်ဘူး။ ကောင်းတာကိုသိလျက်နဲ့ရှောင်ကြ တဲ့ပြဿ နာ 
 ဖြစ်တယ်။ ဒီကနေ့ ကမ္ဘာကြီးအကျည်းတန်တာဟာ လူတွေမကောင်းမှုကျူးတာကြောင့် လို့ အဓိကပြောရ မှာထက် ဘာလုပ် ရင်ကောင်းတယ်ဆိုတာကို သိလျက်နဲ့ မသိကျိုးကျွံပြုနေလို့ဖြစ်ကြောင်း ပြောရ မှာဖြစ် တယ်။ မိတ်ဆွေဘ၀မှာလည်း ကောင်းတာကိုလုပ် သင့်ကြောင်းသိလျက်နဲ့ မသိချင်ယောင်ဆောင်၊ သူများ ကိုလွဲချမှုပိုများလိမ့်မယ်။ နောက်ဆုံးအခက်ခဲက ဘာဝနာဆိုရာမှာ စိတ်နဲ့ဆိုင်တဲ့ ပြုစုပျိုးထောင်မှုကိစ္စ။ ကံသုံးပါးမှာ မနောကံဟာ အဆိုးဆုံး၊ အခက်ဆုံးလို့ ဆိုတယ်ဗျ။ စိတ်တစ်ခုကိုထိန်းနိုင်ရင်အားလုံးပြေလည်
သွား မှာဖြစ်ပေမယ့် အခက်ဆုံးကလဲဒါပဲ ဖြစ်နေတယ်။ တချိန်တော့ဖြစ်လာမယ် မျှော်ပြီး ကြိုးစားနေပေ မယ့် ဒီလိုကြိုးစားရင်းနဲ့ တောင်စွယ် နေကွယ်နေကြရတယ်။ စားဝတ်နေရေး၊ သားရေးသမီးရေး၊ ရပ်ရေး ရွာရေး၊ အရေးပေါင်းများစွာထဲမှာ ရုန်းကန်နေရတဲ့ လူတွေကထုနဲ့ ထေးမဟုတ်လား။ ပြီးတော့ သေခြင်း တရားက ဒီနေ့လား? မနက်ဖြန်လား? မပြောနိုင်တဲ့ဘ၀။ ဒီနေ့ကမ္ဘာကြီးက ပိုပြီးပူနွေးလာနေလို့ ရာသီဥတုတွေပြောင်းပြန် ဖြစ်လာရတယ်။ ကပ်ဘေးတွေတိုးလာတယ်။ စစ်မက်ရေးရာတွေ ပိုပြီး ကြားလာရတယ်။ ကုန်ဈေးနှုန်းတွေပိုပြီး ကြီးလာ နေတယ်။ လူတွေရဲ့စာရိတ္တပိုပြီး ကျဆင်းလာနေတယ်။ ဒီလိုအခြေနေမှာ မိတ်ဆွေဘာလုပ်မလဲ! အပြည်ပြည်ဆိုင်ရာ ဓမ္မတရား ရုံးရဲ့ စီရင်ချက်အပြစ်က ဘယ်လို ရုန်းထွက်မလဲ!
Continue Reading | comments
အမှတ်တမဲ့မှ အမှတ်တရသို့..
        အမှတ်တမဲ့နဲ့ အမှတ်တရဆိုတဲ့ စကားတွေက မိတ်ဆွေပြောဖူးမှာပါ။ ဒီစကားနှစ်လုံးမှာ အမှတ်တရ ဆိုတာကို ကျွန်တော်တို့က ပိုပြီးစိတ်တွေ့တယ်။ လူတွေ သူများအပေါ်အမှတ်တမဲ့ရှိတတ်ပေမယ့် ကိုယ့်ကိုတော့အမှတ်တရသာ ဖြစ်စေချင်တယ် မဟုတ်လား။ အမှတ်တမဲ့နဲ့ အမှတ်တရ ဘာကွာသလဲ? အမှတ်တမဲ့ဆိုတဲ့အခါ ရည်ရွယ်ချက်မရှိဘူး။ ပြီးတော့ ခံစားချက်လည်းကင်းတယ်။ ဆင်ခြင် ဥာဏ်လည်း မပါဘူး။ ဒီတော့ အမှတ်တမဲ့ ပြောဆိုလုပ်ကိုင်မိတဲ့အခါတိုင်း ဘာကိုဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်တာ မဟုတ်တော့ဘူး။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းသဘော၊ မေတ္တာစေတနာ သဘောတွေ လည်း မပါတော့ဘူး။ အကြောင်းနဲ့အကျိုးဆက်စပ် ပြီး တွေးခေါ်လုပ်ဆောင်မှုမျိုးလည်း မရှိဘူး။ ဒါကြောင့် အမှတ်တမဲ့တွေဟာ အနှုတ်သဘောဖြစ်တယ်။ အမှတ်တမဲ့ ဖြစ်ခံရသူမှာ စိတ် အားငယ်ပြီး သိမ်ငယ်စရာ
 တွေချည်းပါပဲ။ ဒါပေမယ့် အမှတ်တရကျတော့ ဒီလိုမဟုတ်ပြန်လေဘူး။
          အမှတ်တရ လုပ်ကိုင်ပြောဆိုကြံစည်မှုတွေမှာ ရည်ရွယ်ချက်ပါတယ်။ ပန်းတိုင်ရှိတယ်။ ခံစားချက် လည်းပါတယ်။ ကောင်းတယ် ပြောပြော၊ ဆိုးတယ်ပြောပြော စေတနာစိတ်သဘေ ယှဉ်တယ်။ ဒါကြောင့် ကံ မြောက်တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ အမှတ်တရတွေ က ဆင်ခြင်ဥာဏ်နဲ့လုပ်တာတွေဖြစ်တယ်။ အကြောင်းနဲ့အကျိုးဆက်စပ်ပုံကို နားလည်ပြီး ကိုယ်မျှော်လင့်တဲ့အကျိုးကိုရချင်လို့ ဒီအကျိုး ကိုဖြစ်စေတဲ့ အကြောင်းတရားကို အမှားအမှန် အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်မှုနဲ့ လုပ်ဆောင်တာဖြစ်တယ်။ ဒါကြောင့် မိတ်ဆွေ လည်း အမှတ်တရပဲဖြစ်ချင်မယ်ဆိုတာ သိနေတယ်။ မိတ်ဆွေ သဘောတူပါရဲ့လား?
          စဉ်းစားဖို့က လောကကြီးထဲမှာ မိတ်ဆွေရှိတယ်။ ကျွန်တော်လည်း ရှိတယ်။ ကျွန်တော်တို့ ဟာ
 လောကထဲမှာ အမှတ်တမဲ့တွေ လား? အမှတ်တရတွေလား? အမှတ်တမဲ့လို့ အရင်ပြောကြည့်မယ်။ အမှတ်တမဲ့ ကျွန်တော့်အတွက် လူ့ဘ၀မှာပန်းတိုင်ထားဖို့ မလိုဘူး။ လူ့ဘ၀အဓိပ္ပါယ်၊ အနှစ်သာရ၊ လူပီသမှုတွေဟာ ရယ်စရာတွေ ဖြစ်ကုန်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေကလည်း လုပ်ချင်လုပ်၊ မလုပ်ချင်နေဆိုတဲ့ သဘောရတယ်။ စာရိတ္တဆိုတာလည်း မလိုတော့ဘူး။ ရိုးသားမှုတွေ၊ ကိုယ်ချင်းစာ တရားတွေ၊ ပရဟိတသဘောတွေ ဒါနသီလဘာဝနာဆိုတာတွေ၊ မိဘကျေးဇူး၊ ဆရာ့ကျေးဇူးတွေ၊
 လောကပါလတရားတွေအားလုံးအားလုံး သဲထဲရေသွန်ပေါ့။ ဘာဖြစ်လို့ လဲဆိုတော့ ဒါတွေအားလုံးက ရည်ရွယ်ချက်နဲ့၊ ခံစားချက်စေတနာနဲ့၊ ကြောင်းကျိုးသိမှုတွေနဲ့လုပ်ရတာမျိုးကြောင့်ပါပဲ။ .................... ဒါဆို အမှတ်တရလို့ ပြင်ပြီးပြောကြည့်မယ်။ လူ့ဘ၀မှာ ရည်ရွယ်ချက်ကိုသိရတော့မှာပေါ့။ ပန်းတိုင်ထားရတော့မှာပေါ့။ လူ့ဘ၀ရဲ့အဓိပ္ပါယ် အနှစ်သာရတွေကို ရှာရတော့မှာပေါ့။ ကျေးဇူးတွေ သိရတော့မှာပေါ့။ အမှတ်တမဲ့နေလို့ မရတော့ဘူး။ အဖြေရတာ၊ မရတာအသာထား ရှာရမယ့်တာဝန် ရှိလာပြီ။ မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ ရေမြေတောတောင်သဘာဝတွေ၊ တိရိစ္ဆာန် တွေဟာ ရည်ရွယ်ချက်အသီသီးအတွက်ရှိနေကြတယ်။ လမင်းကြီးက ညမှာသာဖို့ပေါ့။ မြေကြီးကမြက်ပင်တွေ အတွက်၊ မြက်တွေက တိရိစ္ဆာန်တွေအတွက်၊ တိရိစ္ဆာန်က လူတွေအတွက်ရှိရတယ်ဆိုှမှားမလား။ ဒါဖြင့် လူက ဘာအတွက်များ ဖြစ်မလဲ?  ပြီးတော့ လူမှာ တိရိစ္ဆာန်ထက်သာတဲ့ သိစိတ်ရှိတယ်။ မှားမှန် ကောင်းဆိုး ခွဲတတ်တယ်။ ဘုရားတရားသိတယ်။ ၀ဋ်ကိုကြောက်တတ်တယ်။ လူ့ခန္ဒာအစိတ်အပိုင်း တစ်ခုချင်းကလည်း သူ့တာဝန်နဲပသူ။ သူ့ရည်ရွယ်ချက်နဲ့သူ။ ပိုပြီး ထူးဆန်းတာက စိတ်ဆိုတဲ့ လူရဲ့ အာရုံကိုသိ တတ်တဲ့ သဘောပဲ။ ဒါဆို လူဟာ အမှတ်တရအဖြစ် ပေါ်ထွန်းလာတယ်ဆိုတာကို လက်ခံပြီလား။ ဒါဖြင့် ဘယ်လိုများ အမှတ်ရဘ၀ကို ရောက်လာရပါလိမ့်။ ကျွန်တော် ဘယ်လိုများလောက ထဲဖြစ်တည်လာပါလိမ့်။ ပြီးခဲ့တဲ့အရင်ဘ၀က ဖြစ်စေခဲ့တယ်ဆိုရင် အဲ့ဒါကိုဖြစ်စေ တဲ့ အရင်ဘ၀ကရော? အဲ့ဒါဖြစ်စေတဲ့ ရှေးရှေ့ဘ၀ကရော၊ အဲဒါကို ဖြစ်စေတဲ့ရှေ့ရှေ့ရှေ့ ဘ၀ကရော..............???????????? တစ်နည်းအားဖြင့် သံသရာထဲက ကျွန်တော့ဘ၀ရဲ့ ကနဦးအမှတ်(၁)ဘ၀က ဘယ်လိုဖြစ်ခဲ့တာပါလိမ့်။
Continue Reading | comments
ဝဋ် နဲ့ ၀တ်
မှာပေါ့။ ဘယ်ရမှာလဲနော်။ တစ်ခုပဲစဉ်းစားကြည့်။ ကိုယ်ကသူ့အသက်သတ်လို့ ထောင်ကျ တယ်ပဲ ထားအုံး။ ထောင်ကထွက်လာရင်ပြီးပြီဆိုပေမယ့် သံသရာမှာ မပြီး ဘူးဗျ။ လာအုံးမှာ။ ဥပဒေက ပြီးပေမယ့် သံသရာကမပြီးဘူး။ ဒါကြောင့် ၀ဋ်ဆိုတာ ဖြည်လို့မရဘူး။ အကြောင်းတစ်ခုခုကဖြည် 
 ပေးမှကိုယ်ကလွတ်တာလေ။ဒါပေမယ့်အဲ့ဒီလိုလည်းအဖြည်ခံရရောကိုယ်ကလည်းသံသရာရှော့ရှိ
ရောပဲ။ ဒါကြောင့် ၀ဋ်အမြဲ ငရဲအပဆိုတာ ကောင်းလည်းကောင်းဆိုးလည်းဆိုးတယ်။ ကိုယ်က အကုသိုလ်မကင်းနိုင်ဘူး ဆိုရင်တော့ မကောင်းတာလုပ်ရင်မကောင်း တာဖြစ်မယ်ဆိုတဲ့ စကားကြီး က ဘယ်မှာလာပြီး သတင်းကောင်းဖြစ်တော့မှာလဲ။ သူံသရာဝဋ်ကစောင့်နေပြီ မဟုတ်လား။ ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့လူရယ်လို့ တစ်ယောက်တောင်မရှိဘူး။ မတ်ဆွေသဘောတူရဲ့လား။ ရုပ်အချောဆုံး၊ ပညာအတတ်ဆုံး အချမ်းသာဆုံး၊ အရှိန်အ၀ါအရှိဆုံး၊ ဥာဏ်အကောင်းဆုံးဆိုတာ 
 လောကမှာမရှိဘူးလေ။ ဒါတွေက နှိုင်းပြီးသာပြောနေကြတာ။ လူမှန်ရင် တစ်နေရာတော့ ချို့တဲ့နေကြတာချည်းပါပဲ။ ဒီလို မပြည့်မစုံဖြစ်နေတာဘာကြောင့်လဲဆိုပြီး အဖြေရှာရင် ၀ဋ်လို့ဖြေရ မလားပဲ။ ၀ဋ်ရှိလို့ မပြည့်စုံတာ၊ ချို့တဲ့တာပေါ့။ ပြီးတော့ လောကမှာ လောဘ၊ဒေါသ၊မောဟ၊အတ္တ ကင်းသူဆိုလို့လဲ လောကမှာမရှိဘူးလေ။ အနဲနဲ့အများသာကွာတယ်မဟုတ်လား။ ဒါကြောင့်ဒါကို လည်းဝဋ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ဝဋ်ရှိလို့ပြီးပြည့်စုံသူမဖြစ်ရတာ၊ လောဘဒေါသမောဟအတ္တ 
မကင်းကြတာ၊ အိုရနာရသေရတာလို့ ပြောရင် မမှားပါဘူး။ ဒီလိုဆိုတော့ လူသာအားလုံးဟာ ၀ဋ်သူ ၀ဋ်သားတွေပေါ့။ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ ထုံးတမ်းတွေမတူပေမယ့် ၀ဋ်သူဝဋ်သားတွေဖြစ်ပုံ ကတော့ အတူတူပါပဲ။
          တ၀မ်းပူနဲ့ သတ်တဲ့ဝတ်ကတော့ ၀တ္တရားပေါ့ဗျာ။ ဒါကတော့ကောင်းတယ်ဗျ။လုပ်သင့်တာ 
 တွေလို့ လူတိုင်းကရှုမြင်ကြ တတာမဟုတ်လား။ ဒီတော့ လင်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ဆရာဝတ်၊ အကြီးအကဲဝတ်၊ ငယ်သားဝတ်၊ မိတ် ဆွေဝတ်၊ သာသနာအရှင်သူမြတ်များ ၀တ်ရယ်လို့ ရှိကြတယ်မဟုတ်လား။ဒီလိုဝတ်တွေကျေသူကို လူ့ဘောင်ကတန်ဖိုးထား တယ်။ အတုယူလေးစားတယ်။ ချီးမြှောက်ကြတယ်။ မင်္ဂလာတရားတွေဖြစ်လို့ သံသရာမှာကောင်းစားမယ့် တရားတွေလို့ မြင်တယ်။ဒါကြောင့်ငယ်ရွယ်တဲ့အချိန်ကတည်းကကလေးသူငယ်တွေကိုလူကြီးသူမ 
တွေက  မင်္ဂလာဝတ်တွေသင်ပေးရတာ ပေါ့။ ဒါပေမယ့် အဲ့ဒီဝတ်တွေ အကုန်အစင်ကျေရဲ့လား လို့ မေးပြန်ရင်တော့  ဟင့်အင်းလို့ဖြေရမှာပါ။ ဒါတွေကောင်းမှန်းသိ တယ်။ လုပ်သင့်တယ်ဆိုတာ သိတယ်။  နားလည်တယ်။ လုပ်ဖို့သူများကိုလည်း ကိုယ်ကအားပေးနေတယ်။ ဒါပေမယ့် ကိုယ် ဘယ်လောက်လုပ်သလဲမေးရင် တတ်နိုင်သလောက်လုပ်ခဲ့တယ်။ လုပ်နေတယ်ပဲဖြေရပါတယ်။ အကုန်အစင်လုပ်ပြီးပြီလို့ မ ပြောနိုင်ပါဘူး။ တကယ်တော့ ဒီဝတ်တွေက အကုန်အစင်လုပ်ဖို့ လိုတဲ့ ၀တ်တွေပါ။ လုပ်နိုင်တာလုပ်ပြီး မလုပ်နိုင်တာချန်ထား သဘောမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မရတာချန်ထားဆိုရင် ဘယ်လောက်ချန်ရမှာလဲ။ ဘယ်လောက်ပြီးရမှာလဲဆိုတာ ကို မသိလို့ပါပဲ။ လူတွေကကိုယ့်စိတ်နဲ့ကိုယ်သတ်မှတ်ပြီး ကိုယ့်ကိုကိုယ်ဖော့တွေးတွေးတာတော့ရှိတာပေါ့။ စည်းကမ်းဆိုတာ ချက တည်းက လိုက်နာဖို့ရည်ရွယ်ထားတာပါ။ မလုပ်နိုင်တာချန်ထားလို့ပြောရင် ပျက်ပြီပေါ့။ ဒါကြောင့်ဝတ္တရားဆိုတာ အားလုံးကုန် စင်အောင်လုပ်ဖို့ တာဝန်ရှိကြတာပါ။ လူမှန်ရင် ၀တ်ကိုဖြည့်ဆည်းရမယ်ဆိုတာ  ယဉ်ကျေးတဲ့လူ့ဘောင်က လက်ခံထားတာပါ။ ဒါကြောင့် လူဟာ မွေးလာကတည်းက၀တ်သူဝတ်သားအဖြစ်မွေးလာတာပါ။ ကလေးကစပြီး သက်ကြီးရွယ်အို ဘ၀အထိ အသက်အရွယ်၊ အလုပ်အကိုင်၊ နေရာဌာနအလိုက် ၀တ်အမျိုးမျိုးဖြည့်ကျင့်ပြီး အသက်ရှင်သွားကြရပါတယ်။ လူမှနသမျှ ၀ဋ်သူ ၀ဋ်သားများဖြစ်သလို ၀တ်သူဝတ်သားများလည်း 
 ဖြစ်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာန၊ ကိလေသာကင်းသူ၊ အိုနာသေဒုက္ခလွတ်သူ တစ်ဦးမျှမရှိလို့ ၀ဋ်သူဝဋ်သားဖြစ်သလို ကောင်းတာမှန်သမျှ၊ တရားတာမှန်သမျှ၊ ဓမ္မမှန်သမျှ၊ ကုသိုလ် မှန်သမျှ၊ စာရိတ္တနဲ့ဝါရိတ္တမှန်သမျှ၊ သီလမှန်သမျှ၊ အကုန်အစင်ဖြည့်ကျင့်ဆောက် တည် အသက်ရှင်ဖို့ တာဝန်ရှိကြတဲ့ဝတ်သူဝတ်သားများလည်း ဖြစ်ကြပါတယ်။ကိုင်း၊၀ဋ်ကလည်းရှိတယ်။ 
          တမလွန်မှာဝဋ်မလည်ရအောင် ၀တ်ကဖြည့်ဆည်းပေးနိုင်မှာလား။ ၀တ်မှန်သမျှ သဲထဲရေသွန်ဖြစ်သွားအောင် ၀ဋ်ကပဲ ချည်ပစ်လိုက်လေမလား။ ဖြည်နိုင်ရင်ဖြည်။ မဖြည်နိုင်ရင် အချည်ခံရတော့မယ်ထင်ပါရဲ့။
Continue Reading | comments
Copyright © 2012. Miscellanys . All Rights Reserved